Saturday, May 18, 2013

ဆောင်းပါး ၃ ပုဒ်နှင့် တွေးမိတွေးရာ( နေမင်းသူ-)

သူ့အတွေးအမြင်



- ဆောင်းပါး ၃ ပုဒ်နှင့် တွေးမိတွေးရာ
နေမင်းသူ-၁၄-၅ -၂၀၁၃

ကျနော် ခရီးယာယီ ထွက်ခဲ့ရာက ပြန်ရောက်ချိန် မိတ်ဆွေတချို့ရဲ့ ကျေးဇူးနဲ့ ကျနော့် Facebook Wall ပေါ်မှာ အဆင်သင့်တွေ့လိုက်ရတဲ့ စာစုလေးတွေကို လိုက်ဖတ်ရင်း ခရီးပမ်းခဲ့သမျှ အမောပြေရပါတယ်။ အဲဒီအထဲကမှ မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးသုံးပုဒ်ကို ဖတ်အပြီးမှာ တွေးတောခြင်ဆင်စရာ တချို့ ခေါင်းထဲမှာ တိုးဝင်ရောက်ရှိလာခဲ့ပါတယ်။

ပထမဆောင်းပါးက မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး စာအုပ်စာတမ်းများစွာ ဆောင်းပါးများစွာ ရေးသားခဲ့ဖူးပြီး Asia Pacific Media ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်တဲ့ ဂျာနယ်လစ် ဘာတေးလင့်တနာ ရေးသားတဲ့ ‘ကန်နှင့်တရုတ် စစ်တလင်းကြားက မြန်မာ’ ဘာသာပြန်ဆောင်းပါး ဖြစ်ပါတယ်။

ဆောင်းပါးရှင်က မြန်မာနိုင်ငံရဲ့ ပွင့်လင်းဖြစ်ပေါ်ခါစ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်နဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံ ၂ ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန် အပြန်အလှန် အင်အားချိန်ခွင့်လျှာ ထိန်းညှိမှု၊ ပါဝါအားပြိုင် မှုတွေရဲ့ အဆက်အစပ်ကို ချယ်မှုန်းတင်ပြထားတာပါ။




အခုအခါ စစ်အေးခေတ်ကလို အိုင်ဒီအိုလိုဂျီ စွဲကိုင်မှုချင်းမတူတဲ့ အင်အားကြီးနိုင်ငံတွေအကြား ပြောင်ပြောင် တင်းတင်း အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပေါ်ပေါ်လွင်လွင် မမြင်တွေ့ရပေမဲ့ စစ်အေးခေတ်နောက်ပိုင်းတွင်မှ အမျိုးသားရေးရုန်းကြွလှုပ်ရှားမှုတွေ ရှေ့တန်းရောက်လာတာနဲ့အမျှ အမျိုးသားအကျိုးစီးပွားပြိုင်ဆိုင်မှုများလည်း သိသိသာသာ ကြီးထွားလာတာကို တွေ့မြင်ရပါတယ်။

ကွန်မြူနစ်တွေဟာ နိုင်ငံတကာ ပစည်းမဲ့များ သွေးစည်းညီညွှတ်ရေးအတွက် ‘လူမျိုး၊ ဘာသာ၊ အသားအရောင် ကွဲပြားခြားနားမှုမရှိ၊ လူတန်းစားအကျိုးစီးပွား ကွဲပြားမှုကိုသာ ဗဟိုပြုတယ်’ ဆိုတဲ့ အမြင်နဲ့ ကြွေးကြော်သံကို လက်ကိုင်ထားပြီး အရင်းရှင်စနစ်ကို ထိုးနှက်တိုက်ခိုက်ခဲ့ပေမဲ့ ကွန်မြူနစ်ပါတီ အာဏာရယူထားသော တရုတ်ပြည်မှာ စီးပွားရေးနိုးထမှု အစီအစဉ်တွေ လုပ်လာတဲ့နောက်ပိုင်း ပင်လယ်ရပ်ခြားမှာ နေထိုင်ကြတဲ့ တရုတ် လူမျိုးများရဲ့ အကျိုးစီးပွားကာကွယ်ရေး အစီအမံများကို အတိအလင်း ပြဌာန်းကျေညာ လုပ်ဆောင်လာ ပါတယ်။

ဖွံ့ဖြိုးတိုးတက်လာသော တရုတ်ပြည်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ကမ္ဘာ့ဒေသတချို့ကို ခြေဆန့်တဲ့အခါ အမေရိကန်နဲ့ မသင့်မမြတ် ဖြစ်နေတဲ့ နိုင်ငံအများစုဟာ တရုတ်စားကျက် ဖြစ်နေရပါပြီး စီးပွားရေးအရ လွှမ်းမိုး ခြင်း ခံနေရပါပြီ။

တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အိမ်နီးချင်းနိုင်ငံများနဲ့ ဒေသတွင်းခြိမ်းခြောက်မှု အန္တရာယ်မကြုံတွေ့စေရပါ ဘူးလို့ အကြိမ်ကြိမ် ကတိပေးနေတဲ့ကြားကပဲ ဒေသတွင်း နိုင်ငံငယ်တွေနဲ့ ပိုင်နက်ရေပြင်အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာမှာ တရုတ်တို့ရဲ့တင်းမာတဲ့ သဘောထား အထင်းသားပေါ်လွင်နေပါတယ်။

၁၉၈၈ နောက်ပိုင်း အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးအလှမ်းဝေးသွားပြီး အထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာပြည်အနေနဲ့ အိမ်နီးချင်းလည်းဖြစ် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဗီတိုအာသုံးပိုင်ခွင့်ရှိတဲ့ အင်အားကြီးနိုင်ငံလည်း ဖြစ်တဲ့ တရုတ်နိုင်ငံအပေါ် လိုလိုချင်ချင်အမှီရှာတယ်ပြောပြော၊ မချစ်သော်လည်း အောင့်ကာနမ်းပြီး မဖြစ်မနေ ဆက်ဆံခဲ့ရတယ်ဆိုဆို ခုခါမှာ တရုတ်ရဲ့ စီးပွားရေးလွှမ်းမိုးမှုကို အကြီးအကျယ်ခံနေရပြီး မြန်မာနဲ့ အမေရိကန် ပြည်ထောင်စု ဆက်ဆံရေးနွေးထွေးနီးကပ်လာချိန်မှာ နယ်စပ်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်က စစ်လက်နက်ထောက်ပံ့ကူညီမှုတွေပိုလာကာ လုံခြုံရေးကိုပါ ထိပါးလာတဲ့ အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရပါပြီ။


အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်နဲ့ မကုန်ခမ်းနိုင်သေးတဲ့ သယံဇာတတွေ ရယူပိုင်ဆိုင်ချင်တဲ့အတွက် တရုတ်က မြန်မာပြည်ကို လက်မလွှတ်ချင်။ အာရှပစိဖိတ် မဟာဗျူဟာမှာ တရုတ်ရဲ့ပါဝါကို ထိန်းချုပ်နိုင်ဖို့ အမေရိကန် အတွက် မြန်မာပြည်ဟာ အချက်အချာကျ တယ်လို့ ဆိုကြပါတယ်။ နိုင်ငံကြီး ၂ ခုလုံးရဲ့ အန္တိမ ရည်မှန်းချက်က မြန်မာပြည်သူတွေ ကောင်းစားရေးထက် သူတို့အကျိုးစီးပွားတွေ ဖြည့်ဆည်းနိုင်ဖို့ သူထက်ငါ အလုအယက် ဖြစ်နေကြတာ ရှင်းပါတယ်။


အားနည်းတဲ့ တိုင်းပြည်တွေ ကမ္ဘာ့အလယ်မှာ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ ရပ်တည်နိုင်ဖို့ အင်အားကြီးနိုင်ငံ တခုမဟုတ်တခုနဲ့ နီးနီးကပ်ကပ် ယှက်နွယ်ဆက်ဆံမှု လုပ်ကြရတဲ့ အချိန်မှာ မြန်မာပြည်အနေနဲ့ တရုတ်၊ အမေရိကန် နှစ်နိုင်ငံလုံးကို တန်းတူထား ဆက်ဆံသွားလို့ ရေရှည်အဆင်ပြေနိုင်မှာလား .. တဖက်ဖက်ကို ယိမ်းထိုးအသာပေးလိုက်ရင်ရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ … နိုင်ငံ့ ခေါင်းဆောင်များ ခေါင်းခဲရမယ့် ပြဿနာရပ်တွေ တပုံကြီးရှိနေဆဲ။

နှစ်ပေါင်း ၂၀ ကျော် တရုတ်နဲ့ နီးနီးကပ်ကပ် ရှိနေခဲ့တဲ့ မြန်မာပြည်မှာ ဘယ်လိုဖြစ်ထွန်းမှုတွေ ရရှိသလဲ၊ ဘယ်လောက်ဆုံးရှုံးနစ်နာမှု ကြုံခဲ့ရပြီလဲ။ လက်ငင်းကြုံတွေ့ခံစားနေရတဲ့ အခက်အခဲတွေက သက်သေ တည်နေပါတယ်။

အမေရိကန်နဲ့ ပတ်သက်လို့ကတော့ စစ်အေးခေတ်အတွင်း ကိုရီးယား စစ်ပွဲနဲ့ အင်ဒိုချိုင်းနား စစ်ပွဲတွေမှာ အမေရိကန်ဘက်က ရပ်တည်ခဲ့တဲ့ အာရှနိုင်ငံအများစု အာရှကျားအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ကျနော့် အမြင်မှာတော့ အမေရိကန်ဟာ နွားပိန်ခိုင်းတဲ့ ပေါ်လစီကို ကျင့်သုံးလိုပုံ မရှိဘဲ ခိုင်းလည်းခိုင်း အစာလည်း ဝဝကျွေးတဲ့ မူနဲ့ စခန်းသွားနေတယ်လို့ ယူဆမိပါတယ်။

အစာမဝနိုင်သေးတဲ့ တရုတ်နဂါးကြီး အမောက်ထောင် မာန်ဖီနေချိန်၊ အမေရိကသိန်းငှက်တကောင် တောင်ပံ ဖြန့်ဝဲလို့ ပစိဖိတ်အာရှဘက် အစာရှာထွက်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်က ကြိုးတန်းလမ်းလျှောက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကြီး အစပြုချိန် ဖြစ်နေတော့ ကြိုးတန်းပေါ်က ဂျွမ်းဘားမယ်ကို သိန်းငှက်ပဲ သုတ်လေမလား၊ ကြိုးတန်းပေါ်က ပြုတ်ကျပြီး နဂါး ပါးစပ်တွင်း သက်ဆင်းသွားလေမလား ….. ရှုစားနေတဲ့ ပရိသတ် အဖို့တော့ အသဲတထိတ်ထိတ် ရင်တဖိုဖို။



…………………………………………………………………………………………

နောက်ဆောင်းပါး တပုဒ်က ၅-၄-၂၀၁၃ နေ့စွဲနဲ့ Asia Times မှာ ဖော်ပြခဲ့သော ဂျာနယ်လစ် လာရီဂျာဂန် ရဲ့ ဆောင်းပါးကို ‘မြန်မာပြည်၏ ခြကိုက်နေသောနိုင်ငံရေး’ အမည်နဲ့ ဘာသာပြန်ထားတာဖြစ်ပါတယ်။

ဆောင်းပါးရှင်က သမ္မတကြီးဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ချမှတ် အကောင်အထည်ဖော်လာရာမှာ တောင်တန်းကြီးများသဖွယ် ပိတ်လှောင်ကာဆီးနေတဲ့ အကျင့်ပျက် ခြစားမှုတွေအကြောင့် ပြောင်းလဲမှု အရှိန်အဟုန် ထင်သလောက် ခရီးမပေါက်ဘဲ ရှေ့တိုးနောက်ငင် လွန်းထိုး နေရပုံတွေကို အချက်အလက် ဒေတာတွေနဲ့တကွ ထောက်ပြရေးသားထားတာပါ။



စစ်အုပ်ချုပ်ရေးနဲ့ စခန်းသွားခဲ့သော ဆယ်စုနှစ်တွေအတွင်း အာဏာနဲ့လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး ထင်သလို ကိုယ်ကျိုးရှာ အကျိုးစီးပွားဖြစ်ထွန်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း တချို့နဲ့ လက်ရှိအစိုးရထဲအထိ အဆင့်မြင့် ရာထူးတွေ ဆက်လက်တာဝန်ယူနေပြီး ရလေလိုလေ အိုတစ္ဆေ ဖြစ်နေသော အကျင့်ပျက် ထိပ်တန်းအရာရှိ တချို့ကြောင့် သမ္မတကိုယ်တိုင် ဦးစီးလုပ်ဆောင်နေသော အပြောင်းအလဲ လုပ်ငန်းစဉ်များ မှန်းချက်မကိုက် ဖြစ်နေရပုံတွေကို သာဓကတွေ ဝေဝေဆာဆာနဲ့ တင်ပြထားပါတယ်။


မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်တွေ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ကာလအတွင်း ဆိုင်းဘုတ်တခြား လုပ်ရပ်တလွဲနဲ့ ကိုယ်ကျိုးရှာအကျင့်ပျက်ခဲ့မှုတွေ မရေတွက်နိုင်လောက်အောင် ရှိနေခဲ့ပြီး သူတို့ရဲ့ ချမ်းသာပိုင်ဆိုင်မှုကိုလည်း တိတိကျကျ ခန့်မှန်းနိုင်ဖို့ မလွယ်ကူအောင် လျှို့ဝှက်သိပ်သည်းလွန်းပါတယ်။

ယခုလို အပြောင်းအလဲ အစပျိုးအရှိန်ယူခါစ ကာလမှာ ထုထည်ကြီးမားလွန်းပြီး အသိုင်းဝိုင်းအရှိန်သြဇာလည်း ထက်တဲ့ အုပ်စုကြီးတခုရဲ့ အကျင့်ပျက်ခြစားမှုကို အရေးယူဖော်ထုတ်ရတဲ့ လုပ်ငန်းဟာ စင်းလုံးချော လွယ်ကူမှု မရှိနိုင်၊ တချီတည်း တကြိမ်တည်း စုပုံရှင်းမလုပ်နိုင်တာကို နားလည်ပေးနိုင်ပါတယ်။ အရေးယူဖယ်ရှားရမယ့် သူတွေဟာ အာဏာစက်ဝန်းထဲမှာပဲ ရှိနေပြီး သူ့ဘက်ကိုယ့်ဘက် နောက်ခံအင်အား အခိုင်အမာ ထူထောင် ထားနိုင်သူတွေ ဖြစ်နေတာလည်း မှန်ပါတယ်။ ဒါကြောင့် ရှေ့ကို မြန်မြန်မဟုတ် တောင်မှ မှန်မှန်လေး ရွေ့နေ တာကိုတော့ မြင်ချင်ပါတယ်။

နဝတ၊ နအဖ ခေတ်တွေမှာ ဗိုလ်ချုပ်တွေ တသီကြီး ဖြုတ်ခဲ့တာနဲ့ ယခုအချိန် အရေးယူဖယ်ရှားရတဲ့ ပုံစံချင်း တူပုံမရပါဘူး။ ဟိုတုန်းက အာဏာလွန်ဆွဲပွဲက ပြည်သူအတွက်မပါ သူတို့ချင်းအကျိုးစီးပွား အဝေမတည့် အာဏာခွက်စောင်းခုတ်ခြင်းသာဖြစ်ပြီး ဘယ်သူအနိုင်ရရ ပြည်သူတွေ ဝမ်းမသာနိုင်တဲ့ အဖြစ်တွေပါ။





ခုနေခါမှာတော့ ရှေးက လုပ်သွားသူတွေရဲ့ အကျိုးစီးပွားကို တတ်နိုင်သမျှ မထိပါးအောင် ထိန်းသိမ်းစောင့် ရှောက် ကာကွယ်ရင်း ကမ္ဘာ့အလယ်မှာပျက်နှာပန်းလှစေမယ့် ပုံစံချပြီးဘောင်ထဲကနေ သမ္မတကြီးဦးဆောင် ကိုင်တွယ်နေတဲ့ အပြောင်းအလဲမို့ ပြည်သူတွေအဖို့ မျှော်လင့်ချက် တဝက် အိပ်မက်မက်နိုင်တဲ့ ဖြစ်စဉ်တခုလို့ ဆိုရပါမယ်။

ဒီအပြောင်းအလဲမှာ ပြည်သူတွေမျှော်လင့်ချက် ပြည့်ဝနိုင်ဖို့ကတော့ သမ္မတကြီးနဲ့ လူထုခေါင်းဆောင် အကြား နားလည်မှု ကတိကဝတ်တွေနဲ့ တိုင်ပင်ကိုက် လှုပ်ရှားနိုင်မှု၊ လွှတ်တော်ရဲ့ ထကြွနိုးကြားမှု၊ ပြည်သူလူထုရဲ့ ထိန်းကျောင်း တည့်မတ်ပေးနိုင်မှု၊ အပြောင်းအလဲ လုပ်ငန်းစဉ်တွေအပေါ် တပ်မတော်ရဲ့ ထောက်ခံပံ့ပိုးမှု ဘယ်လောက် အားကောင်းမောင်းသန် ရှိမလဲ ဆိုတဲ့အချက်တွေပေါ် မူတည်မယ်လို့ ခန့်မှန်း ရပါတယ်။


…………………………………………………………………………………………………………..

နောက်ဆုံး ဆောင်းပါးကတော့ ဒုတိယဆောင်းပါးနဲ့ အဆက်အစပ်ပိုရှိတယ်လို့ ဆိုရပါမယ်။ မသန္တာဝင်း ရေးသားတဲ့ ‘သမ္မတကြီးကို တကယ်ချစ်ရင်’ ဆောင်းပါးကောင်းလေး တပုဒ်ပါ။

သူက မကြာသေးခင်ရက်ပိုင်းအတွင်း ကျရောက်ခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့ မွေးနေ့မှာ မွေးနေ့ဆုမွန်ကောင်း တောင်းပေး သူတွေ တပြုံတမကြီးနဲ့ သြချလောက်စရာ မွေးနေ့မင်္ဂလာသတင်းနဲ့ နိဒါန်းပျိုးလိုက်ပြီး ကိုယ်ကျင့် သိက္ခာ ဖြူစင်ရိုးသားပြီး တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာမေတ္တာထားသော သမ္မတကြီးကို နှစ်ပေါင်း ၅၀ တိုင် ပိတ်ဖုံးနေတဲ့ အမှောင်ထုကြားထဲက ထိုးထွက်လာတဲ့ လင်းလက်ကြယ်ပမာ ထောက်ခံကြိုဆိုလိုက်ပါတယ်။

အဖက်ဖက်က နိမ့်ကျပြိုဆင်းနေတဲ့ မြန်မာလူမှုအဆောက်အအုံကို ပြန်လည် နာလံထူနိုင်ဖို့ရာ ဆူးခင်းသော လမ်းမှာ မလျှော့တမ်းဇွဲနဲ့ လျှောက်လှမ်းနေသူတွေထဲ ထိပ်ဆုံးကပါဝင်နေတဲ့ သမ္မတကြီးလိုလူမျိုးဟာ ရှားရှား ပါးပါး ပေါ်ထွက်ခဲတဲ့ အမည်းရောင်ပိတ်ကားပေါ်က အဖြူစက် တပွင့်ပေါ့။

ကျနော်တို့ဟာ ခေတ်စနစ်တခုအတွင်း အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် တဦးချင်းအကြား မတူကွဲပြားမှုတွေကို မြင်အောင်ကြည့်တတ်ကြမယ်ဆိုရင် အဆိုးထဲကအကောင်း ရွေးထုတ်စရာ အခြေအနေအခွင့်အလမ်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်ကို သုံးနှစ်သုံးမိုး ရက်စက်ကြမ်းကြုတ်မှုအပြည့်နဲ့ အုပ်ချုပ်ခဲ့ချိန် ရဲဘော်သုံးကျိပ်နဲ့ ဗမာ့တပ်မတော်အပေါ် သံယောဇဉ်ကြီးပြီး မြန်မာပြည်အတွက် စေတနာမှန် ထားခဲ့တဲ့ ဗိုလ်ချုပ်ကြီး စူဇူကီး (ဗိုလ်မိုးကြိုး) နဲ့ ဗိုလ်မှူးကြီး ကဝါရှီးမား တို့အကြောင်း မြန်မာ့သမိုင်း စာမျက်နှာ တွေပေါ်မှာ အထင်အရှား ရှိနေဆဲပါ။



ဒီလိုပဲ မဆလ၊ နဝတ၊ နအဖ အစိုးရတွေလက်ထက်မှာ စစ်သားပီပီ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ရိုးရိုးသားသား ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်စစ်သားတွေ အများအပြားရှိနေခဲ့ ရှိနေဆဲပါ။ အာဏာရှင် လက်စောင်းထက်ချိန်မှာ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ ပုံရိပ်တွေ အရောင်မှိန်သေးသိမ်ခဲ့ပေမယ့် မလွှဲမရှောင်သာတဲ့ သမိုင်းတကွေ့ကို ဖြတ်သန်းရချိန်မှာ စင်ပေါ်ရောက် အရောင်တောက်ချိန်ကို ကြုံလာရပါပြီ။ သို့ပေမဲ့ အားရစရာကောင်းလောက် အောင် ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်တဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ ပုဂ္ဂိုလ်ရေးအရ သမ္မတကြီးကို ယုံကြည်မှုရှိပေမဲ့ သူ့ကိုဝန်းရံပံ့ပိုးပေးနေတဲ့ အသိုင်းအဝိုင်းအားနည်းမှုကြောင့် အားမလိုအားမရဖြစ်နေသူထဲ ကျနော်လည်း အပါအဝင်။


ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက ရေရေရာရာ ပီပီပြင်ပြင် မရှိသေးခင် မတည်ငြိမ်မှု ရုန်းရင်းဆန်ခတ်မှု တွေ များစွာကြုံတွေ့ ဖြတ်သန်းနေရတဲ့ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ရင်တမမ စောင့်ကြည့် နေရဆဲ ငြိမ်းချမ်းရေးတည်ဆောက်နေရာက သေနတ်သံတွေပြန်ထွက်ပေါ်လာ၊ ဘာသာရေးအသွင်ဆောင်တဲ့ အဓိကရုဏ်းတွေကလည်း ဟိုနေရာ ဒီနေရာ မရိုးရအောင် အသွင်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတော့ သံသယအဖုံဖုံ ထင်ကြေးအသွယ်သွယ်နဲ့ အဆိုးကျော့သံသရာတပတ် ပြန်လည်တော့မှာလား တွေးတောစိုးရိမ်စိတ်တွေ ရှိနေ ကြတာဟာလည်း မဆန်းလှပါ။

ဘာသာရေး အသွင်ဆောင်တဲ့ အဓိကရုဏ်းတွေကို ‘နိုင်ငံရေးကစားကွက်’ အဖြစ် ရှုမြင်တာတွေနဲ့ ပတ်သက်ပြီး ငြင်းစရာမရှိပါဘူး။ ကြိုတင်ကြံစည်ခဲ့ခြင်း မဟုတ်သည့်တိုင် ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းကို ကိုယ်လိုရာ ရည်မှန်းချက်ပေါက်အောင် ဆွဲယူပုံဖော်တတ်တာဟာ နိုင်ငံရေးသမားတချို့ရဲ့ နိုင်ငံရေးလုပ်နည်း ဓမ္မတာတခု အဖြစ် နားလည်မိပါတယ်။ သို့သော် မကြာသေးခင်က ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ပတ်သက်လို့ နယ်ခံမိတ်ဆွေတဦး ပြောပြတာကို နားထောင်အပြီး ကျနော့်အဖို့ တွေးစရာတခု တိုးခဲ့ရပြီး စိုးရိမ်စိတ်တွေ ဝင်ခဲ့ရတယ်။



၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းချိန်က ငရုတ်သီးကြက်သွန်ရောင်းတဲ့ လမ်းဘေးဈေးဆိုင်ကအစ ပြည်သူပိုင် ဆိုင်းဘုတ်တင် သိမ်းဆည်းခဲ့ရာမှာ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကို ပိုင်ရှင်ကျေနပ်တဲ့အထိ လျော်ကြေးပေးခဲ့ပေမဲ့ တိုင်းရင်းသားပိုင် လုပ်ငန်းတွေမှာ မျက်နှာလွှဲခဲပစ် ဖြစ်သလိုလုပ်ခဲ့ကြောင်း ဖတ်ရှု မှတ်သားဖူးပါတယ်။ အဲဒီအချိန်ကစပြီး မြန်မာပြည်မှာ တိုင်းရင်းသားလုပ်ငန်းရှင်ရယ်လို့ မယ်မယ်ရရ မရှိလှ တော့ဘဲ ၁၉၈၈ နောက်ပိုင်း ထိပ်တန်းစီးပွားရေးသမားနေရာကို ရောက်လာသူတွေဟာ ဗိုလ်ချုပ်ကြီးတချို့ရဲ့ သားသမီးဆွေမျိုးမိသားစုနဲ့ သူတို့ အလွမ်းသင့်ရာ ခေတ်ပျက်ခရိုနီလူတစုသာ ဖြစ်နေပါတော့တယ်။ ကိုဖြူ၊ ကိုမဲ လူမျိုးခြားတွေစီးပွားရေးလောကမှာ တွင်ကျယ်နေမှုကလည်း ပုံရိပ်တမျိုး ဖြစ်စေတဲ့သဘောရှိပါတယ်။

တိုင်းပြည်စီးပွားရေး အတန်အသင့် ပွင့်လင်းမှုတွေ ရှိလာတဲ့အခါ ပြည်တွင်းထုတ်လုပ်မှုနဲ့ ဈေးကွက်မှာ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို အားပေးတယ်ဆိုရင်တောင်မှ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေအနေနဲ့ ရှေ့ရောက်နေပြီးသား လူတွေကို ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုမှ အခွင့်မသာနိုင်တဲ့ အခြေအနေမှာ ရောက်နေတာပါ။ လက်ရှိမပြေလည်မှုတွေဟာ အင်မတန်မှ အကဲဆတ်လှပြီး အကိုင်အတွယ် မှားရင် အားလုံး ကမောက်ကမ ဖြစ်ကုန်နိုင်တဲ့ အနေအထားထိ ဆိုးရွားနိုင်တယ်လို့ သိရပါတယ်။



အပြောင်းအလဲနဲ့အတူ ပေါ်ပေါက်လာတဲ့ လေပွေလေရိုင်းတွေထဲမှာ အမျိုးသားရေး ရုန်းကြွမှုအငွေ့အသက်တွေ လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ အာဏာစက်ဝန်းနဲ့ အတန်ငယ် အလှမ်းကွာတဲ့ ကိုဖြူ၊ ကိုမဲ လူချမ်းသာတွေဟာ အလွယ်ကူဆုံး ဒေါသပစ်မှတ် ဖြစ်သွားနိုင်တာကို စဉ်းစားမိပါတယ်။ သို့ပေမဲ့ လက်တွေ့ ရုန်းရင်းဆန်ခတ်ဖြစ်ကြရာမှာ ပထမဦးဆုံး အထိနာတာက အောက်ခြေကျောမွဲလူများစု ဖြစ်နေ တာပါ။ ရေရှည် ဆက်ဖြစ်လာရင်တော့ ဒီထက်ပိုမိုဆိုးဝါးပြင်းထန်တဲ့ ဆိုးကျိုး အနိဋ္ဌာရုံတွေ ပေါ်ပေါက်လာ နိုင်ခြေ ရှိပါတယ်။

ဒီလိုမတည်မငြိမ်မှုတွေ အဆုံးသတ်ပြီးဆုံးဖို့ဆိုရာမှာ သူ့အပြစ်တင် ကိုယ့်အပြစ်တင် တာဝန်လွှဲနေရုံနဲ့ မဖြစ်နိုင်ပါ။ တာဝန်ရှိတာဝန်သိသူတွေ အားလုံးကိုယ်စီ ပါဝင်ဆွေးနွေး အဖြေရှာကြပါမှ ပြောင်းလဲမှု အသီးအပွင့်ကို ခံစားလိုသူအားလုံး အတူတကွ လက်တွဲဆောင်ရွက်နိုင်ပါမှ ပြီးဆုံးအောင်မြင်မယ့်အရေး ဖြစ်နေတာမို့ ညီညွှတ်ရေးကို ရှေ့ရှုသော အတွေးအမြင် လုပ်ဆောင်မှုတွေ ပိုမိုအပြန့်ကျယ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ် ခင်ဗျာ…။


နေမင်းသူ

No comments:

Post a Comment